ပျံ့နှံ့မှုအားကောင်းတဲ့ malware တွေကို ဘယ်လို ကာကွယ်မလဲ


Malware ဆိုတဲ့ စကားလုံးဟာ အရင်က ဗိုင်းရပ်စ် အမျိုးအစား တစ်ခုကိုပဲ ရည်ရွယ်ခဲ့သလို ထင်စရာရှိပေမယ့် တကယ်တော့  မဟုတ်ပါဘူး။ Application တွေနဲ့ ဆော့ဖ်ဝဲမျိုးစုံကို ကမောက်ကမ ဖြစ်စေတဲ့အပြင် System Hardware တွေကိုပါ ဒုက္ခ ကောင်းကောင်းပေးနိုင်တဲ့ ဗိုင်းရပ်စ်၊ worms, trojan horses, rootkits, spyware နဲ့ adware စတာတွေကို ပေါင်းစုထားတဲ့ အစုအဝေးကြီး တစ်ခုလုံးကို Malware လို့ ခေါ်ဖို့ နာမည်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့် အဲဒီဗိုင်းရပ်စ် အမျိုးအစားတွေထဲက ဘယ်အုပ်စုပဲဖြစ်ဖြစ် အားလုံးကို Malware စာရင်းဝင်တွေလို့ သတ်မှတ်ရမှာပါ။ ကွန်ပျူတာ အသုံးပြုသူတွေ၊ အွန်လိုင်း အသုံးပြုသူတွေကို စိတ်ကသိကအောက် ဖြစ်အောင် အလုပ်နိုင်ဆုံး ဗိုင်းရပ်စ် အမျိုးအစားတွေကလည်း malware တွေပဲမို့ သူတို့ကို ကာကွယ်ဖို့ဆိုတာ အင်မတန်အရေးကြီးတဲ့ အရာတွေ ဖြစ်လာပါတယ်။ ဒီနေရာမှာ သိထားရမှာက malware ဆိုတာ တိုက်ခိုက်ခံရမှ ဖယ်ရှား ရှင်းလင်းတာထက် ဘာမှ မဖြစ်သေးခင် ကြိုတင် ကာကွယ်တာက ပိုပြီး အလုပ်ရှုပ် သက်သာသလို ပိုပြီး ကောင်းမွန်တဲ့အရာ ဖြစ်တယ် ဆိုတာပါပဲ။ အဲဒါကြောင့် malware တွေကို ဘယ်လို ကာကွယ်မလဲဆိုတဲ့ အပိုင်းနဲ့ ပတ်သက်ပြီး နည်းလမ်းပေးချင်ပါတယ်။ malware တွေကို ကာကွယ်နိုင်တဲ့ နည်းလမ်းကတော့ နှစ်မျိုးဖြစ်ပြီး တစ်မျိုးက အွန်လိုင်းအသုံးပြုမှုနဲ့ ပတ်သက်ကာ နောက်တစ်မျိုးကတော့ ဆော့ဖ်ဝဲ အသုံးပြုမှုနဲ့ပဲ လုံးလုံးလျားလျား ပတ်သက်ပါတယ်။ အဲဒါကြောင့် ဒီအချက်လေးတွေကို လေ့လာကြည့်ရအောင်။

အွန်လိုင်းအသုံးပြုမှုနဲ့ ပတ်သက်၍

တစ်နေ့တခြား အွန်လိုင်း အသုံးပြုသူ ဦးရေဟာ မြင့်မားတိုးတက်လာသလို အွန်လိုင်းကတစ်ဆင့် တိုက်ခိုက်မှုတွေဟာလည်း အရှိန်အဟုန် ပိုကောင်းလာတာကို တွေ့ရပါတယ်။ အဲဒီအတွက် အွန်လိုင်း အသုံးပြုတဲ့အခါ ကိုယ့်ရဲ့ သတင်း အချက်အလက်တွေနဲ့ အခြားအရာတွေကို malware တွေကတစ်ဆင့် တိုက်ခိုက်လို့ မရအောင် ဘယ်လို ကာကွယ်မလဲ ဆိုတာတွေကို ဖတ်ကြည့်ပါဦး။

ဝက်ဘ်ဆိုက်မှ တစ်ဆင့်

အွန်လိုင်းမှာ သုံးနေကြတဲ့ ဝက်ဘ်ဆိုက်တွေထဲမှာ အချို့ ဝက်ဘ်ဆိုက်တွေဟာ malware ကာကွယ်မှုစနစ်နဲ့ ပတ်သက်ပြီး လုံခြုံမှုမရှိတာကို တွေ့ရပါတယ်။ နောက်ပြီး ဝက်ဘ်ဆိုက်အချို့မှာ လူစိတ်ဝင်စားတဲ့ ဝန်ဆောင်မှုတစ်ခုကို ရှေ့တန်းတင်ပြီး အနောက်ကနေ အသုံးပြုသူရဲ့ အချက်အလက်တွေကို ခိုးယူနေတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် malware အန္တရာယ်နဲ့ ပတ်သက်ပြီး စိတ်ချရမှုမရှိတဲ့ ဝက်ဘ်ဆိုက်တွေက ဝန်ဆောင်မှုတွေကို ရယူလိုက်ပြီ ဆိုရင်တော့ ကိုယ့်ရဲ့ System မှာရော run ထားတဲ့ ဆော့ဖ်ဝဲတွေမှာပါ ပျက်စီး ဆုံးရှုံးမှုတွေ ဖြစ်နိုင်ပါတယ်။ download ချယူရတဲ့ အပိုင်းတွေကနေလည်း malware တွေ ပါလာမယ်။

သင့်ရဲ့ အီးမေးလ်မှ

spam mail တွေနဲ့ ပတ်သက်ပြီး ဘယ်လိုပေးပို့မှုမျိုးကိုမှ အယုံအကြည်မရှိဖို့ သတိပေးချင်ပါတယ်။ ဒါပေမဲ့ spam mail တိုင်းဟာ malware တွေ ပါလာတယ်လို့တော့ ပြောလို့မရပါဘူး။ တစ်ခါတစ်ရံမှာ ကိုယ့်သူငယ်ချင်းတွေက ပို့သလိုလို မေးလ်တွေ ရောက်လာတတ်ပေမယ့် မေးလ်အပေါ်ကို cursor ချပြီး အသာကြည့်လိုက်တဲ့အခါ ကိုယ့်သူငယ်ချင်း ပို့တာမဟုတ်ဘဲ ဘယ်သူပို့လို့ ပို့မှန်းမသိတဲ့ အီးမေးလ် ဖြစ်နေတတ်ပါတယ်။ အဲဒီ အီးမေးလ်တွေရဲ့ link တွေ၊ attachment ဖိုင်တွေကို ဖွင့်တဲ့အခါမှာတော့ တစ်ပါတည်းပါလာတဲ့ malware တွေက ကိုယ့်ရဲ့ System ကို ဒုက္ခ ကောင်းကောင်းပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အီးမေးလ်အသုံးပြုမှုနဲ့ ပတ်သက်ပြီးတော့လည်း သတိထားတတ်ရင် malware ကာကွယ်ရာမှာ အားသာမှုရှိမှာပါ။

Physical  မီဒီယာ အသုံးပြုရင်

ကိုယ့်သူငယ်ချင်းတွေဆီက ဖြစ်မယ်၊ ကိုယ့်မိသားစုဆီက ဖြစ်မယ်၊ တစ်ခါတစ်ရံလည်း ကိုယ်နဲ့ လုံးဝမရင်းနှီးတဲ့ လူတွေဆီက ဖြစ်မယ်။ စီဒီချပ်တွေ၊ Memory Stick တွေကိုယူပြီး အဲဒီအထဲ ထဲကပါတဲ့ ကိုယ်အသုံးလိုတဲ့ ဒေတာတွေကို ကိုယ့်ရဲ့စက်ထဲ ကူးထည့်တတ်ကြပါတယ်။ အဲဒီလိုအခါမျိုးမှာ ဖိုင်တွေကို စက်ထဲရောက်ရင် ပြီးရောဆိုပြီး ကူးမထည့်သင့်ပါဘူး။ တကယ်လို့ မသင်္ကာစရာ စိတ်ထဲမှာ တစ်ခုခု ရှိနေတယ်ဆိုရင် အဲဒီဖိုင်တွေကို access မလုပ်ပါနဲ့။ ဒါက အွန်လိုင်းအသုံးပြုမှုနဲ့ မပတ်သက်ပေမယ့် အွန်လိုင်း အသုံးပြုသူတိုင်း လုပ်လေ့လုပ်ထရှိကြတဲ့ အရာမို့ပါ။

Malware ပါတဲ့ ဆော့ဖ်ဝဲတွေ

အင်တာနက်ကနေ အခမဲ့ download ဆွဲယူနိုင်တဲ့ ဆော့ဖ်ဝဲတချို့မှာ malware တွေ ပါရှိနေတာကို တစ်ခါတစ်ရံမှာ တွေ့ရပါတယ်။ ဒါပေမဲ့ အမြဲတမ်းတော့ မဟုတ်ပါဘူး။ အဲဒီ ဆော့ဖ်ဝဲတွေမှာပါတဲ့ malware တွေကလည်း သူတို့ရဲ့ ကိုယ်ပိုင် process  တစ်ခုနဲ့ အသုံးပြုသူ install လုပ်တဲ့အခါ ဝင်ရောက်သွားကြတာပါ။ ဒါကြောင့်မို့ အဲဒီိလိုမျိုး ဆော့ဖ်ဝဲတွေကို install လုပ်တဲ့အခါ သတိထားဖို့ လိုအပ်ပြီး Next, OK နဲ့ I agree စတဲ့ tab တွေကို ကလစ် လုပ်တော့မယ်ဆိုရင် Message Box တွေရဲ့ instruction တွေကို သေသေချာချာ ဖတ်ဖို့ လိုအပ်ပါလိမ့်မယ်။ တကယ်လို့ မသေချာရင် Installation လုပ်တဲ့အပိုင်းကို cancel လုပ်ပါ။

ဖိုင်ပေးပို့မှု ဝန်ဆောင်ခြင်း

အွန်လိုင်းပေါ်မှာ အခမဲ့ ဆော့ဖ်ဝဲဝေမျှတဲ့ ဝန်ဆောင်မှုတွေနဲ့ သဘောတရားချင်း တူညီမှုရှိတဲ့ သီချင်း၊ ရုပ်ရှင်၊ စာအုပ်နဲ့ အခြား အခြား သတင်းအချက်အလက်တွေကို အခမဲ့ ပေးဝေနေတဲ့ ဝန်ဆောင်မှုတွေလည်း ရှိပါတယ်။ အဲဒီလို ဝန်ဆောင်မှုပေးတဲ့အခါမှာ အချို့ ဝက်ဘ်ဆိုက်တွေဟာ မသမာတဲ့နည်းလမ်းတွေ အသုံးပြုထားတာကြောင့် သူတို့ရဲ့ file sharing ဝန်ဆောင်မှုကို အသုံးပြုတဲ့ မည်သူမဆို malware အန္တရာယ်ထဲကို ရောက်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ အဲဒါကြောင့်မိုလို့ ဘယ်ဝက်ဘ်ဆိုက်က ဘာတွေ အခမဲ့ယူလို့ရတယ်ဆိုပြီး အမှုမဲ့အမှတ်မဲ့ မယူကြဘဲ စိတ်ချမှုရှိတဲ့ ဝက်ဘ်ဆိုက်တွေကပဲ ယူသင့်ပါတယ်။

ဆော့ဖ်ဝဲသုံး ကာကွယ်ခြင်းနဲ့ ပတ်သက်၍ . .

ဒုတိယအကြောင်းအရာက ကွန်ပျူတာအသုံးပြုသူတွေနဲ့ပဲ ဆိုင်တယ်ဆိုပေမယ့် malware ကာကွယ်ရာမှာတော့ ဒီစနစ်နှစ်ခုလုံးက ပြိုင်တူအသုံးပြုမှ အကျိုးထူးမှာ ဖြစ်ပါတယ်။ အွန်လိုင်းအသုံးပြုမှုကို သတိနဲ့ အသုံးပြုရင်း malware တွေကို ကာကွယ်နိုင်သလို ဆော့ဖ်ဝဲတွေကို ဘယ်လိုအသုံးပြုပြီး malware တွေကို ကာကွယ်ရမလဲ ဆိုတာကလည်း အရေးကြီးပါတယ်။

OS ကို Update လုပ်ခြင်း

malware တွေကို ထိထိရောက်ရောက် ကာကွယ်ဖို့ စဉ်းစားတယ်ဆိုရင်တော့ malware ကာကွယ်ရေး ဆော့ဖ်ဝဲတွေကို အသုံးပြုတာ မပြုတာထက်စာရင် OS ကို update လုပ်ပြီး အသုံးပြုဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ OS update တိုင်းမှာ  malware ကာကွယ်ရေး စနစ်တွေကို ပိုမို ဖြည့်ဆည်းပေးထားကြတာကြောင့် OS ကို update လုပ်ပြီး အသုံးပြုခြင်းဟာ တနည်းအားဖြင့်တော့ malware ကာကွယ်ခြင်းလို့ ယူဆလို့ရပါတယ်။ OS Update တိုင်းမှာ အလိုအလျောက် malware ကာကွယ်မှု စနစ်တွေကို ထည့်သွင်း ပေးထားကြပါတယ်။

Browser ကို update လုပ်ခြင်း

OS ကို update လုပ်ပြီး အသုံးပြုသင့်သလိုပါပဲ Browser တွေကိုလည်း update လုပ်ပြီး အသုံးပြုသင့်ပါတယ်။ အခု နောက်ဆုံး ထွက်ရှိထားတဲ့ Browser အများစုဟာ malware ကာကွယ်မှုစနစ်ကို ပိုမို ဖြည့်တင်းလာကြတာ တွေ့ရပြီး စစ်တမ်းတစ်ရပ်အရ IE9 browser ဟာ malware တွေကို (၉၀)ရာခိုင်နှုန်းကျော်အထိ ကာကွယ်နိုင်ကြောင်း သိရပါတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့ ကွန်ပျူတာမှာ အသုံးပြုထားတဲ့ browser ကိုလည်း update လုပ်ပေးရမှာပါ။

Anti-Virus ဆော့ဖ်ဝဲသုံးခြင်း

ဒါကတော့ လူတိုင်း အသုံးပြုနေကြတဲ့ နည်းလမ်းတစ်ခုလို့ ဆိုရမှာပါ။ ကွန်ပျူတာ အသုံးပြုသူတွေအနေနဲ့ စိတ်ချ သေချာမှုရှိတဲ့ AntiVirus အမျိုးအစားကို ကွန်ပျူတာပေါ်မှာ run ထားဖို့ လိုအပ်ပါတယ်။ နောက်ပြီး အမြဲတမ်း update  ပြုလုပ်ပေးဖို့ လိုအပ်သလို System တစ်ခုလုံးကိုလည်း တစ်လတစ်ကြိမ် အနည်းဆုံး Scan စစ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။ ဒါပေမဲ့ System တစ်ခုတည်းမှာ Anti-Virus ဆော့ဖ်ဝဲ အမျိုးအစား နှစ်မျိုးမသုံးဖို့ သတိပေးထားပါရစေ။ အဲဒီလို အသုံးပြုရင် တစ်မျိုးမှ အလုပ်ကောင်းကောင်းလုပ်မှာ မဟုတ်တော့ပါဘူး။

Anti-malware အသုံးပြုခြင်း

အချို့ Anti-virus ဆော့ဖ်ဝဲကုမ္ပဏီတွေဟာ malware ကာကွယ်မှုစနစ်ကို ပိုမိုလိုအပ်တဲ့ အသုံးပြုသူတွေအတွက် Anti-spyware လို့ခေါ်တဲ့ Antimalware ဆော့ဖ်ဝဲ အမျိုးအစားတွေကို ထုတ်လုပ်နေကြပါတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့ System ဟာ malware ကာကွယ်မှုကို ပိုမို လိုအပ်တယ်ဆိုရင် Antimalware ဆော့ဖ်ဝဲ အမျိုးအစားတွေကို အသုံးပြုဖို့ လိုအပ်ပါလိမ့်မယ်။ ဒါပေမဲ့ Antimalware ဟာ Anti-virus နဲ့ အမျိုးအစားခြင်း မတူတဲ့အတွက် စိတ်ထဲမှာ ရှုပ်ထွေးမသွားဖို့ လိုအပ်သလို အမြဲတမ်း update ဖြစ်အောင်လည်း ပြုလုပ်ပေးသင့်ပါတယ်။

Firewall နဲ့ Spam Filter

malware ကို ကာကွယ်နိုင်ဖို့ လိုအပ်တဲ့ အကြောင်းအရာတွေထဲမှာ Firewall အသုံးပြုခြင်းနဲ့ Spam Filter အသုံးပြုခြင်းတို့လည်း ပါဝင်ပါတယ်။ Firewall အသုံးပြုမှုအနေနဲ့ Third Party ဆော့ဖ်ဝဲတွေကို အသုံးမပြုဘူး ဆိုရင်တော့ Windows Firewall ကိုပဲ အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ Windows Firewall ကိုလည်း ON ထားပြီး Third Party Firewall Program ကိုလည်း run ထားမယ်ဆိုရင်တော့ နှစ်ခုစလုံး အလုပ်ကောင်းကောင်း လုပ်နိုင်မှာ မဟုတ်ပါဘူး။ Antivirus တွေ နည်းတူပါပဲ။ နောက်တစ်ခုဖြစ်တဲ့ spam filter ကတော့ အီးမေးလ်တွေအဖြစ် ဝင်ရောက်လာမယ့် spam mail တွေကို ကာကွယ်ပေးဖို့ အသုံးပြုတဲ့ ဆော့ဖ်ဝဲပဲဖြစ်ပါတယ်။ အချို့လုံခြုံရေး ဆော့ဖ်ဝဲတွေမှာဆို spam filter အလုပ်လုပ်ဆောင်မှုက feature တစ်ခုအဖြစ် ပါဝင်နေပါတယ်။

ဒီအချက်တွေကတော့ အွန်လိုင်းအသုံးပြုသူတွေနဲ့ ကွန်ပျူတာ အသုံးပြုသူအားလုံး malware ကာကွယ်မှုစနစ်နဲ့ ပတ်သက်ပြီး လိုက်နာရမယ့် အချက်တွေပဲ ဖြစ်ပါတယ်။ကိုယ့်ရဲ့ လုပ်ငန်းဟာ အရေးကြီးရင် အရေးကြီးသလောက်  malware အန္တရာယ်ဟာ ကြောက်ဖို့ ကောင်းပါတယ်။ ဒါကြောင့်မို့ တစ်နေ့တစ်နေ့ အွန်လိုင်းမှာ သန်းချီ ပျံ့နှံ့နေတဲ့ malware တွေကို အဆင်ပြေပြေ ကာကွယ်နိုင်ဖို့ ဖော်ပြပေးလိုက်ရခြင်းပဲ ဖြစ်ပါတယ်။

Angellinn
By IT weekly

0 comments:

Post a Comment

ဝေဖန်ချက်လေးရေးထားခဲ့ပါ

Related Posts Plugin for WordPress, Blogger...
Twitter Delicious Facebook Digg Stumbleupon Favorites More